ကော်ဖီအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

            ရွာငံ နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် ကောဖီ အခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက် (၁၀)နာရီက အင်းကုန်း ကျေးရွာ ချယ်ရီရတနာခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှုး ဦးသက်နိုင်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ဦးတို့က သင်တန်းနှင့် ပတ်သက်သည်များကို ပြောကြားရာတွင် ဒေသတွင်းရှိသော သီးနှံများကို အခြေခံသည့် စားသောက်ကုန်လုပ်ငန်းရှင်များပေါ်ထွက်လာပြီး One Village One Product အဖြစ် ထုတ်ကုန်အသစ်များ ပေါ်ထွက်လာစေရန်၊ မိမိတို့ဒေသထွက် အသီးအနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွား လာပြီး ဆင်းရဲမှုလျော့ချရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် စားသောက်ကုန် ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိကြပါစေရန် ဖွင့်လှစ်ရခြင်း ဖြစ် ကြောင်း ပြောကြားကြပါသည်။

အဆိုပါ သင်တန်းတွင် ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီအစုအဖွဲ့လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူများမှ သင်တန်းသား (၂၇) ဦးအား  ကော်ဖီကိုအခြေခံထားသည့် ကော်ဖီ Butter Cake ၊ ကော်ဖီကွတ်ကီး ၊ ကော်ဖီလျှာပေါ်ဝဲ၊ ကော်ဖီနံကထိုင်၊ ကော်ဖီပူတင်း၊ကော်ဖီကျောက်ကျော၊ ကော်ဖီ Plane Cake  ၊ ကော်ဖီသီးစုံကိတ်၊ ကော်ဖီကိတ်ခြောက်နှင့်ကော်ဖီဝိုင် စသည့်မုန့်အမျိုးမျိုးနှင့် သစ်သီးဝလံအခြေခံ စားသောက်ကုန် ထုတ်လုပ်နည်းများကို (၇)  ရက်ကြာစာတွေ့၊ လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

မြို့နယ်ပြန်/ဆက်