နမ္မတူမြို့နယ်တွင် (၃)ရက်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ ၉၈၀ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးပြီဖြစ်

နမ္မတူ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အကြောင်း အမျိုးအမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် တိုက်ပွဲရှောင် ပြည်သူများ၊ ဈေးရောင်းချသူများ ပန်ဟိုက်ရပ်ကွက် (၁၀)ခုအတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ရာ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ပြည်သူ ၂၀၀ ဦးအား လည်းကောင်း၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ပြည်သူ ၃၈၀ဦးအားလည်းကောင်း၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ပြည်သူ ၄၀၀ ဦးအားလည်း၊ စုစုပေါင်း ပြည်သူ ၉၈၀ ဦးအား ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် နမ္မတူရပ်ကွက် (၇)ခုအတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် ဦးစားပေးအဆင့်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၂၂၈ဦး၊ ကျောင်းသား/ကျောင်းသူ ၃၃၆ဦး၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၁၆၄၁ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၅၇၄ဦး၊ စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၆၇၇၉ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)