တာချီလိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲထည့်ခွင့်ရရှိရေး၊ အမည်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး စိစစ်ရေးလုပ်ငန်းအဖွဲ့များ ဒုတိယနေ့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်

တာချီလိတ် ဩဂုတ် ၂၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အမည်များ ပြည့်စုံမှန်ကန်မှုရှိစေရန် ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ဒုတိယနေ့အဖြစ် ယနေ့မနက် ၉ နာရီအချိန်က ဆက်လက်ကွင်းဆင်းဆာင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မဲဆန္ဒရှင်စာရင်းများပြုစုထုတ်ပြန်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်များ ပါရှိရန်နှင့် ပြည့်စုံမှန်ကန် စေရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲထည့်နိုင်သည့် အခွင့်အရေး ရရှိစေရန်အတွက် တစ်ပြိုင်တည်း ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ အမည်များ ပါရှိစေရေး အတွက် ရွှေ့ပြောင်းလုပ်သားများ အိမ်ငှားများနှင့် ကျူးကျော်များ အာလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်အသိပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့နယ်တွင် ပထမအကြိမ်စာရင်းကောက်ယူစဉ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းကျော်ရှိခဲ့ပြီး ဒုတိယအကြိမ်တွင် ရွှေ့ပြောင်းလုပ်သားများ၊ အိမ်ခန်းငှားများနှင့် ကျူးကျော်များကို ဆက်လက်ကောက်ယူလျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း ဆက်လက်တိုးပွားလာလျက်ရှိကြောင်း မြို့နယ်  အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

ယာဆေး (ပြန်/ဆက်)