ကျီခါး မတ် ၁၁
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) လုပ်ငန်းရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျီခါးမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျီခါးမြို့ အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနန်ဒိုဆုမ်းမန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် ကျေးလက် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အကြောင်းအရာများကို လည်းကောင်း၊ နည်းပညာ အကြံပေး ခေါင်းဆောင် ဒေါ်ဇင်မာထွန်းက ကျေးရွာ/အုပ်စုများ၌ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းရှင်းလင်းပွဲသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီများ၊ စီမံကိန်း ဆောင်ရွက်ရာ ဒေသများ ဖြစ်သော ကျီခါးအုပ်စု၊ ကျီခါးဇန်၊ မာအိုဝမ်ဇန်တို့မှ ဒေသခံမိဘပြည်သူများ တက်ရောက် ခဲ့ကြကြောင်းနှင့် အဆိုပါလုပ်ငန်း ရှင်းလင်းပွဲကို မတ်လ (၁၀) ရက်နေ့မှ မတ်လ(၁၁)ရက်နေ့ အထိ (၂) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန် (ပြန်/ဆက်)