သာစည် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ်နှစ်ရပ်တို့တွင် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးနှံရေး ပူးပေါင်း အဖွဲ့များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ယင်းမာပင် ကျေးရွာဆေးထိုး စုရပ်၌ ၈၆၀ ဦး၊ ကျွဲတပ်ဆုံကျေးရွာဆေးထိုးစုရပ်၌ ၇၀၀ ဦး၊ စုစုပေါင်း ၁၅၆၀ ဦး တို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ၅၂၈၀၄ ဦး၊ ဒုတိယ အကြိမ် ၃၄၉၆၅ ဦး၊ Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ၁၆၃၄၀ ဦး၊ ဒုတိယအကြိမ် ၆၀၅၇ ဦး၊ စုစုပေါင်း ၁၁၀၁၆၆ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)