မြစ်ကြီးနား နို၀င်ဘာ ၂၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သတ်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ နံနက်၇နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့၀င်များသည် ဝိုင်းမော် မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ပရဝုဏ် အတက်/အဆင်း လမ်းများရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်း ကောက်ယူခြင်း လုပ်ငန်းများကို ဝိုင်းမော်မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော် သားများ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ အဆိုပါ ရွှေမိုးတောင်ဘုရားတွင် ဆောက်လုပ်ထားသည့် တရားစခန်းအား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေးနှင့် ဘုရားပရ၀ဏ် သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးအား လစဉ် ဆောင်ရွက်ရန် တာ၀န်ရှိသူများအား မှာကြားသည်။
အဲ့ဒီနောက် ပြည်နယ် ၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး မြစ်ကြီးနားတက္ကသိုလ် ပရ၀ဏ်အတွင်း လမ်းဘေးဝဲ/ယာ တစ်လျှောက် ချုံ၊နွယ်၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့အား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့်အတူ စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ်၀င်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ထပ်မံဆောင်ရွက်ရမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတဆင့် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အမှုထမ်းအဆင့် အခြေခံဘာသာရပ်ဆိုင်ရာ သင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲသို့ တက်ရောက်ရာ ဦးစွာပြည်နယ်၀န်ကြီးချုပ်က ဝန်ထမ်းသစ်များ အနေနဲ့ သင်တန်း ဆင်းပြီးသည်နှင့် လုပ်ငန်းခွင် ဝင်ရောက်ပြီး အင်အားဖြည့် ဆောင်ရွက်ကြရာမှာ လဝကဌာနက ဆောင်ရွက်နေတဲ့ “ပန်းခင်း”စီမံချက်နဲ့ နိုင်ငံသားတစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်း ဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်စေတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ဥပဒေနှင့်အညီ မဖြစ်မနေ ဆောင်ရွက် ပေးလိုတဲ့ခံယူချက်၊ မဲစာရင်းပြုစုတဲ့လုပ်ငန်းတွေမှာလဲ အတတ်နိုင်ဆုံး စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားသည်။
ယင်းနောက် သင်တန်းတွင် ဘာသာရပ်အလိုက် ထူးချွန်သော ၀န်ထမ်းများအား ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ်၀န်ကြီးတို့မှ ဂုဏ်ပြုဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဲဒီမှတဆင့် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့သည် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်း ဒိုင်သင်တန်းဖွင့်ပွဲသို့ တက်ရောက်ရာ ဦးစွာပြည်နယ် ၀န်ကြီးချုပ်က ယခုသင်တန်းဖွင့်လှစ်ခြင်း အားဖြင့် ကချင်ပြည်နယ်အတွင်း ကျင်းပပြုလုပ်တဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲများမှာ အရည်အချင်း ပြည့်ဝတဲ့ ပိုက်ကျော်ခြင်း ဒိုင်လူကြီးတွေအဖြစ် ပြိုင်ပွဲများကို အကောင်းဆုံးကြီးကြပ်ပေးနိုင်မယ့် ဒိုင်လူကြီးများ ပေါ်ထွက်လာမယ်လို့ ယုံကြည်မျှော်လင့်မိကြောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဦးသိန်းဌေးမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်၀န်ကြီးချုပ်က သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် ဘော်လီဘော ကျား/မ ပြိုင်ပွဲ ပိတ်ပွဲသို့တက်ရောက်ပြီး ဘော်လီဘော အမျိုးသား အသင်း ဗိုလ်လုပွဲအဖြစ် ဇီးလွန်အသင်းနှင့် Ever Green Tree အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးရာ ဇီးလွန်အသင်းမှ (၃)ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။
အဲ့ဒီနောက် ပြည်၀န်ကြီးချုပ်နှင့် ပြည်နယ်၀န်ကြီးများ၊ တာ၀န်ရှိသူများသည် ကချင်ပြည်နယ် ဘော်လီဘော ဆပ်ကော်မတီနှင့် ဒိုင်အဖွဲ့၀င်များအား ဂုဏ်ပြုလွှာများနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိသော ဘော်လီဘော ကျား/မ အသင်းမှ အားကစားသမားများအား ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု၊ အသင်းလိုက် တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်ဆိုက်ဆုဖလား များအား ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား(၈)သင်းနှင့် အမျိုးသမီး(၆)သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)