ကျေးသီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ်

ကျေးသီး  နိုဝင်ဘာ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  လူမှုဝန်ထမ်းဦးစီးဌာနတို့  ပူးပေါင်းဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က Talk Show ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမ္မဂ ညီလာခံ သဘောတူစာချုပ်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ပြဌာန်းခြင်းကို ဂုဏ်ပြုသောအနေဖြင့် နှစ်စဉ် နိုဝင်ဘာလ ၂၀ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၃၂)ကြိမ်မြောက် ရှိလာပြီ ဖြစ်ပါတယ်၊ CRC စာချုပ်ထဲမှာ ကလေးများအတွက် အခြေခံမူ (၄)ရပ်၊ အခွင့်အရေး (၄)ရပ် အဓိကပြဌာန်းထားခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများမှ အခွင့်အရေးများ အကောင်အထည်ဖော်ပေးခြင်း၊ ကာကွယ်ပေးခြင်းများကို လိုက်နာဆောင်ရွက်ပေးရပါတယ်၊ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့မှာဆိုရင် အသက်(၁၈)နှစ်အောက် ကလေးများ အားလုံး အကျုံးဝင်ခံစားခွင့် ရှိပါတယ် စသည်များ ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ရိုက်ကူးထားသည့် အစီအစဉ်များကို ကျေးသီးမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Kehsi Page များတွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)