နမ့်စန်(တ) နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် အသက် ၁၂ နှစ် အထက် ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ကာကွယ်ဆေးထိုးစုရပ် အသီးသီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင် ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့တွင် နမ့်စန် အထက ၊ မြို့မအထကနှင့် အမှတ်(၅)ရပ်ကွက် အထက(ခွဲ) ကျောင်းတို့၌ ဆောင်ရွက်လျက်ရှိပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ၊ မြို့နယ် ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဆရာ/ဆရာမများ ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စုစုပေါင်း၄၈ ကျောင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူ ၁၃၃၀ ဦးကို စုရပ် ၁၈ နေရာတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကျောင်းသားကျောင်းသူများနှင့် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ကျောင်းသားကျောင်းသူများကို သတ်မှတ်ရက်များ အတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုး အစီအစဉ်များကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ တဆင့် ကျောင်းသားမိဘများထံ အသိပေး အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်