ထန်းတပင်မြို့နယ်တွင် နွေစပါးစံပြကွက် ငါးဆယ်ဧကကို စတင်အကောင်အထည်ဖော် ဆောင်ရွက်

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေကွင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်းတွင် ဒေသခံတောင်သူများစပါး အထွက်နှုန်းကောင်းမွန်စေရေးအတွက် နွေစပါးစံပြကွက်ဧက (၅၀)ကို နိုဝင်ဘာလ(၂၀)ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေစပါးစံပြကွက်ဧက(၅၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့ နှင့်မိုင်(၃၀)ပတ်လည် စိမ်းလန်းစိုပြေရေး စီမံချက်အရ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပြီး လယ်များအား ကောက်စိုက်စက်ဖြင့် အပြည့်အဝ စိုက်ပျိုးနိုင်ရေးနှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စံပြကွက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။

ဒီနေ့ တောင်သူ ဦးအောင်နိုင်ထွန်းရဲ့ လယ်မြေ(၅)ဧကမှာ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာပါ၊ ဒီ နွေစပါးစံပြကွက်ဧက (၅၀)ကို ဒီဇင်ဘာလအတွင်းမှာ ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပါဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကို က ရှင်းပြသည်။

စပါးစိုက်ပျိုး တောင်သူများအနေဖြင့်လည်း ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်း အားဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများကို ပြေလည်စေမည် ဖြစ်သလို စက်စွမ်းအား အသုံးပြုကာ စပါးစိုက်ပျိုးရာတွင်လည်း စပါးအထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)