မိတ္ထီလာ နိုဝင်ဘာ ၂၀
သမဝါယမဝါနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်အချိန်က မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် မိတ္ထီလာမြောက်ကန်တွင် တည်ဆောက်လျက်ရှိသည့် တစ်ရက် ရေဂါလံ ၆၉၀၀၀၀ ပေးဝေနိုင်မည့် မိတ္ထီလာမြို့ ရေပေးရေး လုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က မြို့ရေ ပေးရေးစီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မြို့ရေပေးရေး လုပ်ငန်း စီမံကိန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကျန်ရှိသော မီတာတပ်ဆင်ခြင်း လုပ်ငန်းများ အမြန်ဆောင်ရွက်သွားရန်နှင့် ရေပေးချိန်တွင် သန့်စင်သည့် ရေများပေးဝေနိုင်ရေး စက်များစမ်းသပ် မောင်း နှင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်တို့ကို ပြောကြားရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ခံတို့က လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်း ဝန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ မိတ္ထီလာမြို့ ရေပေးရေးစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်က Modern World Construction Co;Ltd and Sanli Environmental Myanmar Co;Ltd တို့က တာဝန်ယူပြီး ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့က စတင် တည်ဆောက်လုပ်လျှက်ရှိရာ ယခုဆိုလျှင် ၉၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ၎င်းလုပ်ငန်းကို ဒီဇင်ဘာလ အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။ ယင်းမြို့ရေပေးရေးစီမံကိန်း ပြီးစီးပါက တစ်ရက်လျှင် ရေဂါလံ ၆၉၀၀၀၀ ကို ပေးဝေနိုင်မည်ဖြစ်၍ လူဦးရေ ၃၄၅၀၀ ဦးအား အကျိုးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)