မိုင်းဖြတ် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆိုက်ခေါင်ကျေးရွာ စာသင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဦးသွင်က အဖွင့်အမှာစကားပြောကြားပြီး မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနား ကျင်ပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင် ဦးစီးမှူး ဦးဦးသွင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများက တောညုကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၃၂)ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း (၁၃)စုတို့အား ကာယကံရှင် များလက်ဝယ် အရောက် ပေးအပ်ခဲ့ပြီး “ပန်းခင်း”စီမံချက်လုပ်ငန်းအကြောင်း အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအေး