ဘောဂလိ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေး နှိုးဆော်မှုများအား ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် ဘောဂလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ် အတွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ လာသော ဧည့်သည်များ လက်မခံကြရန်၊ အခြားသူများထံသို့သွားရောက်လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ကိုစနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန် စသည့်အချက်များကို ရပ်ကွက်များအတွင်း လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။