ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၇၁၁၄)ဦးရှိ​ပြီး

ပိုင်ကျုံ   နိုဝင်ဘာ  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ ဆေးထိုးနှံ​ပေးလျက်ရှိကြောင်းသိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို   ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ပထမအသုတ်တွင် ၇၂၉ ဦး၊ ဒုတိယအသုတ်တွင် ၃၇၀၅ဦးနှင့် တတိယအသုတ်တွင် ၂၆၈၀ဦး စုစုပေါင်း လူဦးရေ ၇၁၁၄ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးမထိုးရသေးသည့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ယမန်နေ့က စတုတ္ထအသုတ် (ပထမ)အကြိမ်တွင် လူဦး ရေ(၁၀၀၀)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်ပြီး   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများတို့က   ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင်  အဆင်ပြေလွယ်ကူစေရန်အတွက်  ပူးပေါင်းပါဝင်    ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။