ကျောက်ပန်းတောင်း နိုဝင်ဘာ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အများပြည်သူနှင့် ကျောင်းသား/သူများအား ဆေးထိုးစုရပ်အလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မြို့နယ်အားကစားခန်းမနှင့် သာသနာ့ ဗိမ္မာန်စုရပ်များ၌ ပြည်သူများ စနစ်တကျတန်းစီ၍ ကာကွယ်ဆေးထိုးနှံလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် ကြက်ခြေနီ၊ အရန် မီးသတ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိရာ၊ တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပြီးစီးခဲ့သည့် အခြေခံပညာ ကျောင်းသား ၊ ကျောင်းသူများအား နိုဝင်ဘာ(၉)ရက်နေ့မှစတင်၍ (ဒုတိယအကြိမ်)ထိုးနှံပေးခဲ့ရာ၊ နိုဝင်ဘာ(၂၀)ရက်နေ့အထိ စုစုပေါင်း (၂၅၁၀)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။ အလားတူ အများပြည်သူများအတွက် မြို့ပေါ်စုရပ်များဖြစ်သည့် မြို့နယ် သာသနာ့ဗိမ္မာန်နှင့် မြို့နယ်အားကစားခန်းမတို့တွင် နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ ထိုးနှံပေးခဲ့ရာ၊ နိုဝင်ဘာ(၂၀) ရက်နေ့အထိ ဒုတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံပြီးသူ (၂၈၆၃၃)ဦး၊ တတိယအသုတ်(ဒုတိယအကြိမ်) ထိုးနှံပြီးသူ (၄၈၅) ဦးနှင့် စတုတ္ထအသုတ်(ပထမအကြိမ်) ထိုးနှံပြီးသူ(၁၉၄၂)ဦး ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် ကျောင်းသားကျောင်းသူများအတွက် ဆေးထိုးစုရပ်များကို အခြေခံပညာ အထက်တန်း ကျောင်းရှိ ကျေးရွာများတွင် စုရပ်ဖွင့်လှစ်ထားရှိ၍ စုစုပေါင်း ဆေးထိုးစုရပ်(၁၀)ခု ဖွင့်လှစ်ထိုးနှံပေးလျှက်ရှိ ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ (ဒုတိယအကြိမ်) ဆေးထိုးနှံမှုပြီးစီးပါက အများပြည်သူများအတွက် သက်ကြီးရွယ် အိုများ အဆင်ပြေစွာထိုးနှံနိုင်စေရန် Mobile အဖွဲ့များ ထပ်မံစေလွှတ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရပြီး၊ ဆေးထိုး စုရပ် များတွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရ သည်။
နေအောင်(ပြန်/ဆက်)