ညောင်ဦး နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေး မြူထားပါသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံတည်း မှာသာ ရှိသည့် ဌာနေဖွား မျိုးစိတ်ဖြစ် ပြီး နေရင်း ဒေသများတွင် မျိုးသုဉ်းရန် အလွန် နီးကပ်နေသော အခြေအနေတွင် ရှိခြင်းတို့ကြောင့် မျိုးဆက် မပျက်သုဉ်းစေရေးအတွက် မွေးမြူ၍ ပေါက်ဖွါးလာစေရန်၊ တိုးပွါးလာသော သားပေါက်များကို ၎င်းတို့၏ နေရင်းဒေသများသို့ စေလွှတ်ပေးရန်၊ ဝါသနာရှင်များ၊ ပညာရှင်များ သုသေသနပြုလုပ်နိုင်ရန်နှင့် အများပြည်သူအနီးကပ် ကြည့်ရှုလေ့လာနိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။
၁။ မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူ ပေါက်ဖွါးလာစေရန်ဆိုသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ် အထီး (၄၂) ကောင်၊ အမ(၄၀)ကောင်၊ စုစုပေါင်း(၈၂)ကောင် ကို ၂၀၀၁ ခုနှစ် တွင် စတင်မွေးမြူခဲ့ကြောင်း၊ စတင် မွေးမြူ စဉ် က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ဖွါးနှုန်း ရှိခဲ့သော်လည်း လွန်ခဲ့သော(၁၀)နှစ်မှစ၍ ရာဂဏန်း ထောင် ဂဏန်းအထိတိုး၍ ပေါက်ဖွါးလာခဲ့ကြောင်း၊ ယခု နှစ်(၂၀) အကြာ ၂၀၂၁ ခုနှစ် တွင်လည်း ကြယ်လိပ်ငယ် (၁၃၅၀)ကောင် ထပ်မံပေါက်ပွါးလာခဲ့ရာ ယခင်ရှိပြီး အကောင်(၇၄၈၄)ကောင်နှင့် ဆိုပါက ယခုအခါ လက်ရှိတွင် အရွယ်စုံကြယ်လိပ်(၈၈၃၄) ကောင်ရှိပြီး၊ ရည်ရွယ်ချက်အတိုင်းနေရင်းဒေသ သို့စေလွှတ် ပေးခဲ့သည့် ကြယ်လိပ်(၁၆၅၀)ကောင်နှင့် ဆိုပါက၊ စုစုပေါင်း အရွယ်စုံကြယ်လိပ်(၁၀၄၈၄)ကောင်ရှိလာ ပြီဖြစ်ကြောင်း၊ အကောင်ရေ တစ်သောင်းကျော်သွားပြီဖြစ်သည့်အတွက် ယခု ၂၀၂၁ ခုနှစ်ကို လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ကြယ်လိပ်ခြံ၏ သောင်းပြည့်နှစ်လို့လည်း ခေါ်ဆိုနိုင်ကြောင်း လောကနန္ဒာဘေးမဲ့တော ဥယျာဉ်၊ အုပ်ချုပ်ရေးမှူး၊ ဦးရွှေဌေးအောင်က ပြောပါသည်။
၂။ ဒီလိုတိုးလာခဲ့ခြင်းဟာလည်း ယခင်နှစ်များက အတွေ့အကြုံကို အခြေခံ၍ နည်းစနစ်လေးတွေ ပြောင်း လဲပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ လုပ်ရင်းသင်၊ သင်ရင်းလုပ်ခဲ့ကြ၍လည်းဖြစ်ကြောင်း၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၏ အနီးကပ်ကြီး ကြပ်ညွှန်ကြားပြသမှု၊ WCS/TSA မှ တိ-ကု ဆရာဝန် ဒေါက်တာတင့်လွင်၏ ဆေးပညာနှင့်ကုသခြင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အနီးကပ် ထိန်းသိမ်းစောင့်ရှောက်သူ ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုများကြောင့် ကြယ်လိပ်များမှာ အဟာရရှိသော အစာများကို စားသုံးနိုင်ကြပြီး၊ အရွယ်ရောက် အထီး၊ အမများမှာ ကျန်းမာရေးကောင်းမွန်ကြကာ၊ ဥဥနှုန်းမှာလည်း မြင့်တက်လာခဲ့ပြီး၊ ယခုကဲ့သို့ ကောင်ရေပေါက်ဖွါးခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ဖွါးနှုန်းမှာ ၆၈% အထိတော့ စံချိန် တင်ထားပါကြောင်းဖြင့် အုပ်ချုပ်ရေးမှူး၊ ဦးရွှေဌေးအောင်က ဆက်၍ ရှင်းပြပါသည်။
၃။ ကျွန်တော်တို့အနေနဲ့ ကြယ်လိပ်များကို ဥမဥမီကာလမှစ၍ အဟာရရှိသော အစားအစာများ ကျွေးမွေးခြင်း၊ ကျန်းမာရေးဂရုစိုက်စောင့်ရှောက်ခြင်းများကြောင့် ဥဥနှုန်းတိုးတက်ခဲ့ပါကြောင်း၊ ဆက် လက်ပြီး လိပ်မများ ဥထားသောဥကျင်းများကိုလည်း သားပေါက်ချိန် မတိုင်မီအထိ၊ ဂရုစိုက် စောင့်ရှောက်ခဲ့ရပြီး၊ ပေါက်ဖွါး ရာသီတွင်လည်း သတ်မှတ်ချိန်ရောက်၍ ဥကျင်းအတွင်းမှ ထွက်လာခြင်းမရှိပါ က ဥကျင်းများကို တူးဖော်ပေး၍ ကျင်းအတွင်းပေါက်နေပြီးဖြစ်သော လိပ်ပေါက်များကို စုဆောင်း၍ အသင့်ပြင်ထားသော နေရာတွင်ထားရှိခြင်း၊ မပေါက်သေးသော ဥကောင်းများကို မြေထည့်ထားသော သေတ္တာတွင် ပြန်လည်မြှုပ်နှံပေးခြင်း၊ ချက်မကြွေသေးသော သားပေါက်များကို ဆေးထည့်ပေးခြင်း၊ လိပ်သားပေါက်ငယ်များကို ဗီတာမင်ပါသော အစားအစာများ ကျွေးမွေးပေးခြင်း၊ နေ့စဉ်အ စာကျွေးချိန်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးမကောင်းပါက သီးသန့်ခွဲထား၍ ဆေးထိုး ကုသပေးခြင်း၊ သဘာဝဓါတ်စာများကျွေးခြင်း၊ ဝမ်းချူပေးခြင်း အစာမစားနိုင်ပါက ခွံ့ကျွေးခြင်း၊အရည် ဖျော်တိုက်ခြင်း၊ သားပေါက်များကို နေ့စဉ် ရေစိမ်ရေတိုက်ပေးခြင်း၊ အပူချိန်မြင့်မားသော အခါများတွင်လည်း ရေစိမ်ကန်များ၊ သောက်ရေခွက်များ ပြုလုပ်ပေး၍ သန့်ရှင်း သောရေရှိစေရန် အမြဲပြု လုပ်ပေးထားခြင်း၊ ရေစိမ်ရက်များသော လိပ်များအား မှတ်သားထား၍သီး သန့်ရေဝအောင် ချိုးပေးခြင်းများကြောင့် ပေါက်ဖွါးနှုန်းကောင်းပြီး၊ သေနှုန်းနည်းလာသောကြောင့် အကောင်အရေအတွက်မှာ တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း ဦးရွှေဌေးအောင်မှ ရှင်းပြပါသည်။
၄။ သဘာဝတောများထဲတွင် ထိုသို့လူတို့၏ ပြုစုစောင့်ရှောက်မှုကို မခံရနိုင်ဘဲ၊ ဥ ဥချိန်မှာ ဥများကို ဖွတ်၊ တောကြောင်၊ မြွေပါ စသည့် အနံ့ခံကောင်းသည့်သတ္တဝါ တို့မှဖော်ယူစားနိုင်ခြင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် မြေများပြိုကျပြီး၊ ဥကျင်းများပေါ်သို့ ဖုံးအုပ်သွားနိုင်ခြင်း (သို့မဟုတ်) ဥကျင်းများမြေ ပြိုသည့်အထဲတွင် ပါဝင်သွားနိုင်သည့်အတွက် အချိန်မတိုင်မီ ဥများပျက်စီးကြရခြင်း၊ သစ်မြစ်များထိုး ၍လည်း ဥကျင်းများပျက်စီးနိုင်ပြီး၊ ကျင်းအတွင်း အကောင်ပေါက်နေသော်လည်း သစ်မြစ်များက ကျင်း အပေါ်ယံမှ ယှက်သွားနေခြင်းကြောင့် မြေပေါ်သို့ မထွက်နိုင်ကြတော့ဘဲ၊ ပုရွက်ဆိတ်၊ ခြများနှင့်အခြား ပိုးမွှားများက တွင်းထဲဝင်၍ ကိုက်ဖြတ်စားသောက်ခံရခြင်း စသည့်ဆိုးကျိုးများကို ဖြတ်သန်းလွတ်မြောက် လာကြကာ ၂၀% မှ ၃၀% အထိသော သားပေါက်ငယ်များသာရှင်သန်၍ ကျင်းအတွင်းမှ မြေပေါ်သို့ ရောက်ရှိလာနိုင်ကြမည်ဟု ခန့်မှန်းရပါကြောင်း၊ မြေပေါ်ရောက်ရှိလာသည့် အခါတွင်မှာလည်း မြွေ၊ ကြွက်၊ သိမ်း၊ ဖွတ် နှင့် အခြားအသားစားသတ္တဝါတို့၏ ကိုက်ဖြတ်စားသောက်မှုကို ခံရနိုင်ခြင်း၊ ထိုအခြေအနေမှ လွတ်မြောက်လာခဲ့ပြီး အရွယ်ရောက်လာသောအခါတွင်လည်း တောဝက်၊ တောခွေး စသည့် သားစား သတ္တဝါများ၏ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းကိုခံရပြန်ခြင်း၊ လူ့ပယောဂများနှင့် ဂေဟစနစ်များ ပျက်စီးလာခြင်းအပြင် အခြားပျက်စီးစေနိုင်သော အကြောင်း အမျိုးမျိုးလည်း ရှိနိုင်သောကြောင့် သဘာဝတောများထဲတွင် မြန်မာ့ကြယ်လိပ်များ မျိုးသုဉ်းပျောက်ကွယ် လုနီးပါး ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး၊ ဦးရွှေဌေးအောင်မှ သုံးသပ်ပြပါသည်။
၅။ ဒီနှစ်ဟာထူးခြားတဲ့ နှစ်လို့ဘဲပြောရမှာ ဖြစ်ကြောင်း ဘာဖြစ်လို့လဲဆိုတော့ လောကနန္ဒာဘေးမဲ့ တောဥယျာဉ်မှာ ကြယ်လိပ်များ စတင် မွေးမြူခဲ့တဲ့ နှစ် (၂၀) အတောအတွင်းမှာ ကြယ်လိပ်ကောင် ရေတစ်သောင်းကျော်သွားတဲ့နှစ်ဖြစ်လို့ ဖြစ်ကြောင်း၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၏ ကြယ်လိပ် သောင်းပြည့်နှစ်အဖြစ် အမှတ်တရ အခမ်းအနားလေးတစ်ခုကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး၊ စိတ်ပါဝင်စားသူများကိုလည်း ဖိတ်ကြားသွားရန် စီစဉ်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ကြောင်း၊ အခွင့်အခါသင့်သည့် အချိန်မှသာ ကျင်းပပြုလုပ်သွားဖို့အတွက်ကိုလည်း ရည်ရွယ် ထားကြောင်း၊ (၂၀)နှစ် တာကာလ အတွင်း ပေါက်နှုန်းကောင်းပြီး သေဆုံးနှုန်း နည်းသောကြောင့် မြန်မာ့ ဌာနေဖွါး မျိုးစိတ်ဖြစ်သည့် မြန်မာ့ကြယ်လိပ်များသည် မြန်မာ့မြေပေါ်တွင် ထာဝရရှင်သန် နေထိုင် နိုင်ကြတော့မည် ဖြစ်ပြီး၊ နိုင်ငံဂုဏ်ကိုလည်း ဆောင်နိုင်တော့မည်ဖြစ်ကြောင်းဖြင့် ဦးရွှေဌေးအောင်မှ ၎င်း ဆောင်ရွက်ချက်အောင်မြင်မှု များကို ဂုဏ်ယူစွာပြောပြပါသည်။
၆။ သို့ဖြစ်ရာ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၊ ကြယ်လိပ်မွေးမြူရေးခြံသည် ကမ္ဘာပေါ်တွင် ကြယ်လိပ် အကောင်ရေအများဆုံးရှိသည့် ခြံတစ်ခြံအဖြစ် တည်ရှိနေပြီး၊ နှစ်စဉ်ကြယ်လိပ်ကောင်ရေ (၁၀၀၀) ကျော် ပေါက်ဖွားလျက်ရှိပြီး၊ လျာထားချက်ထက်ပင် ကျော်လွန်ပေါက်ဖွားလျက်ရှိနေခြင်းကြောင့် ကြယ်လိပ် ထုတ်လုပ်သည့်စက်ရုံဟု တင်စားခေါ်ဝေါ်ခံနေရသည့် အမည်နာမကိုလည်း ထပ်လောင်း အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင် စိတ်ထဲတွင် ဖြစ်ပေါ်ခံစားမိပါသည်။
၇။ ကြယ်လိပ်များကို (၁၅)နှစ်တိုင်တိုင် စနစ်တကျမွေးမြူ ထိန်းသိမ်းစောင့်ရှောက်၍ သောင်းနှင့်ချီပြီး တိုးပွားလာအောင် ဆောင်ရွက်ပေးခဲ့ပြီး၊ ယခုထက်ပို၍ များပြားသော ကြယ်လိပ်ခြံ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသော လောကနန္ဒာဘေးမဲ့တော ဥယျာဉ် ၊ အုပ်ချုပ်ရေးမှူး၊ ဦးရွှေဌေးအောင်ကိုလည်း တာဝန်ကျေပွန်သော ကြယ်လိပ်ထုတ်လုပ်သည့် စက်ရုံမှူးကြီး အနေဖြင့် ကြယ်လိပ်များကို ယခုထက်ပို၍ ထုတ်လုပ်နိုင်ပါစေလို့ ဆန္ဒပြုရင်း ‘’လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်၊ ကြယ်လိပ်ခြံ၏ မြန်မာ့ကြယ်လိပ်သောင်းပြည့်နှစ်’’ ကို ဂုဏ်ယူဖွယ်ရာ ဖော်ပြရေးသားလိုက် ရပါသည်။
ကိုထိန်၊ KPD