ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာန၏  တည်ဆောက်ရေးလုပ်ငန်းများ အတည်ပြု လျာထားရေးဆွဲနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရပ်စောက် နိုဝင်ဘာ  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း တည်ဆောက်ရေးလုပ်ငန်းများ အတည်ပြုလျာထား ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင် သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထား ရေးဆွဲထားရှိမှု အခြေအနေအားရှင်းလင်း တင်ပြသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်နန်းဆုမြတ်ဇော်က ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော ငွေလုံးငွေရင်း လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများ၏ အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း တည်ဆောက်ရေးလုပ်ငန်းများ အတည်ပြု ရွေးချယ်နိုင်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဦးစားပေး အလိုက် ရွေးချယ်တင်ပြကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်တည်ဆောက်ရေး နှင့် အရည်အသွေးစစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ရဲထက်ဦး