ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ရဟန္တာအရှင် မြတ်တို့မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့မှ တန်ဆောင်မုန်း လပြည့်ကျော် (၁)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်ဆိုလျှင် (၁၅၈)ကြိမ်မြောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့ပေါ် ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူပွဲကို နိုဝင်ဘာ(၁၇)ရက်နေ့ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှ စတင်ကာ ကျင်းပပြုလုပ်ခဲ့ပြီး နိုဝင်ဘာ (၁၉)ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့ ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတစ်လျှောက်တွင် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်နေပြည်သူများမှ ဆီးမီး၊ ပန်း၊ ရေချမ်း၊ အမွှေးနံသာများ ထွန်းညှိပူဇော်ခြင်း၊ သစ်သီးများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းလျက် ရှိသည်။
ထို့အပြင် စေတနာအလှူရှင်များက ကုသိုလ်ဒါနအဖြစ် အချိုရည်များ၊ မုန့်များ၊ စတုဒိသာ အာဟာရကျွေးမွေး လှူဒါန်းလျက်ရှိသလို ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတလျှောက်တွင်လည်း
ဂေါပကအဖွဲ့ဝင်များနှင့် လူငယ်အဖွဲ့များက လိုက်ပါကုသိုလ်ယူ ဆောက်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)