ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု များအား ကြည့်ရှုစစ်ဆေး

ဘားအံ နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခန့်က ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းအား ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေး ညွှန်ကြားရေးမှူး သူရမြင့်သူ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်နှင့် တာဝန်ရှိသူများက မြို့မဘောလုံးကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် အတိုင်းအတာ ပြည့်မီမှန်ကန်စေရေး၊ ပွဲကြည့်စင် တည်ဆောက်ပေးနိုင်ရေး၊ အများသုံး(၆)ခန်းတွဲ သန့်စင်ခန်း တည်ဆောက်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့တွင် အများပြည်သူ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကန်သာယာကန်ပတ်လမ်းတွင် လူသွားလျှောက်လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် အလျား ၁၈၅၀ ပေခန့်ရှိ မြေသားဖို့ လူသွားလျှောက်လမ်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်မည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်‌နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အများပြည်သူ ကိုယ်လက်လှုပ်ရှား လမ်းလျှောက် လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး ဘားအံမြို့၊ သီရိကွင်းပတ်လမ်း အရှည် ၃၃၀၀ ပေခန့်နှင့် အကျယ် ၄ ပေ၊ ထု ၄ လက်မရှိ ကွန်ကရစ်လူသွားလျှောက်လမ်း ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၂ နာရီခန့်တွင် ကရင်သက္ကရာဇ် (၂၇၆၁)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်တိုင်းရင်းသားများ ပြန့်နှံ့နေထိုင်ရာ နေရာဒေသများတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အခြားသော အခမ်းအနားများထက် ပိုမိုသာလွန် ကောင်းမွန်အောင် ကျင်းပဖို့ လိုအပ်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျဖြင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း ကျင်းပသွားမည်ဖြစ်ပြီး ကရင်အမျိုးသား အလံတင်အခမ်းအနား၊ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား၊ ကောက်သစ်စားပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကရင်နှစ်သစ်ကူးနေ့ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး အခမ်းအနားပြင်ဆင်ရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထား‌ရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းထိန်းသိမ်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ပြခန်းအထောက်အကူပြု ကော်မတီ၊ ပျော်ပွဲရွှင်ပွဲအထောက်အကူပြု ကော်မတီများက သက်ဆိုင်ရာ ကော်မတီအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း