တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်

တိုက်ကြီး နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ချက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်နှင့် အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများနှင့် အသက်  ၅၅ နှစ် မပြည့်သေး သော်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်သူများ၊ အသက် ၁၈ နှစ်အထက် ပြည်သူများကို  ဦးစားပေး ဦးတည်အုပ်စုအဖြစ် ထပ်မံတိုးချဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခင်သတ်မှတ်ထား သည့် ဦးစားပေး (၁၂)အုပ်စုမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် စာရင်း ပေးသွင်းကာ နံနက် ၉ နာရီတိတိအချိန်၌ အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ရွှေဂျိုးဖြူခန်းမ တွင်  ကာကွယ်ဆေးများကို မပျက်မကွက် လာရောက်ထိုးနှံကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးနှိုးဆော်ထားသည်။

တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)