ရန်ကုန် နိုဝင်ဘာ ၁၉
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဓနုတ်စံပြ ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် ရွှေကြာ ငွေကြာ သင်္ကန်းကပ်လှူပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လပြည့်နေ့တွင် ဘုရားဖူး လာ ပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ဘုရားရှင်အား ရွှေကြာ ငွေကြာ သင်္ကန်းဆက်ကပ်ပူဇော်ခြင်း၊ ဆွမ်း၊ သစ်သီး၊ ပန်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ညပိုင်းတွင် ဆီမီး ၅၀၀၀ ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ယခင် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၏ မြေသို့ခခဲ့သည့် ငှက်ပျော်ဖူးအား ရွှေရောင်စတီးပြာ ကပ်လှူ၍ အနေကဇာ တင်ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများအနေဖြင့် လာရောက်ဖူးမြော်နိုင်အောင် စေတီတော်မြတ်ကြီးကို နေ့စဉ် နံနက် ၅ နာရီ ကနေ ည ၈ နာရီအချိန်ထိ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမြသွေးထံက သိရသည်။
ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော်ခန့်မှစ၍ ဟံသာဝတီ မင်းအဆက်ဆက် တည်ထားပြုပြင် ကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး တစ်ဆူဖြစ် ကြောင်း မှတ်တမ်းများအရ သိရသည်။ ထို့အတူ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ထိန်းသိမ်း ပြုပြင် မွမ်းမံဆောင်ရွက်ခဲ့သည့် စေတီတစ်ဆူဖြစ်ပြီး ယနေ့အချိန်တွင် စေတီ၏ ဉာဏ်တော်အမြင့် ၁၉၈ ပေ၊ လုံးပတ် တော် ၂၄၄ ပေ ကျော်နှင့် ဖိနပ်တော် ပေ ၄၉၀ ကျော်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်လို ပါက ရန်ကုန်မြို့(ပန်းဆိုးတန်း) ဆိပ်ကမ်းမှ တစ်ဆင့် လာရောက်နိုင်ပြီး ဒလမြို့နယ် နာရီစင်အဝိုင်းမှ ဓနုတ် စေတီသွား ကားလမ်းမကြီးအတိုင်း သွားပါက ၁၂ မိုင် ခရီးသာ ကွာဝေးကြောင်း သိရသည်။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာခြင်းကြောင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများ ဝင်ရောက်လည်ပတ် ဖူးမြော်နိုင်ရန် စေတီတော်မြတ်ကြီးအား ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)