ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြစ်ရေတက်ချိန် စက်တပ်သမ္ဗန်စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းရေး ကူညီ စောင့်ရှောက်မှုပေး

ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီကာလမြစ်၊ ချောင်းများ ဒီရေတက်ချိန်တွင် စက်တပ် ရေယာဉ် (သမ္ဗန်)စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ကူညီ စောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီမှစ၍ ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်ဂိတ် ကမ်းနားတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီ စောင့်ရှောက်  ဆောင်ရွက်‌ပေးလျက်ရှိ ကြောင်းသိရသည်။

ကူညီ စောင့်ရှောက်ပေးရာတွင်  ဆိပ်ကြီးခနောင်တို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝင်းသန်း ဦးဆောင်၍ သန္ဓေနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များမှ ဒီရေတက်ချိန်တွင် စက်တပ်ရေယာဉ်(သမ္ဗန်ဆိပ်)၌  ရေယာဉ် ဆိုက်ရောက်/ထွက်ခွာချိန်များတွင်  ခရီးသည်များ ရေယာဉ် အတက်/အဆင်း ပြုလုပ်စဉ် အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် လူဦးရေ သုံးသောင်းကျော်နေထိုင်လျက်ရှိပြီး၊ နေ့စဉ် အကြောင်းအမျိုးမျိုးဖြင့် ခရီး သွားလာရာတွင် ဆိပ်ကြီး သမ္ဗန်ဆိပ်မှ ကီလီ(ဝါးတန်း)ဆိပ်ကမ်းသို့ ရေလမ်း ခရီးကိုသာ အဓိကထားအသုံးပြု သွားလာနေရခြင်းဖြစ်၍ ယခုကဲ့သို့ ဒီရေတက်ချိန်တွင်  စက်တပ်သမ္ဗန်စီး ခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး  ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ပြီး၊ ယမန်‌နေ့မှစ၍ နေ့စဉ် ရေတက်သည့်ကာလ မပြီးမချင်း ဆက်လက်ကူညီစောင့်ရှောက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)