မြိတ် နိုဝင်ဘာ ၁၉
ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်း ခရီးစဉ်ကို နိုဝင်ဘာလ(၁၉)ရက်တွင် ပုံမှန်ခရီးစဉ်များအား ကျန်းမာရေးဆိုင်ရာစံ သတ်မှတ်ချက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပျံသန်းပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
“မြန်မာအမျိုးသားလေကြောင်းအနေနဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေဖို့အတွက် လက်ရှိ ရန်ကုန်-မြိတ်-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို နေ့စဉ် ပျံသန်းပြေးဆွဲမှာဖြစ်ပါတယ်။ ခရီးသည်များ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား တဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဝန်ဆောင်မှုပေး သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်-မြိတ်-ရန်ကုန် ခရီးစဉ်ကို အဓိက နေ့စဉ်ပြေးဆွဲမှာဖြစ်ပြီး မြိတ်-ထားဝယ်၊ မြိတ်-ကော့သောင်း ခရီးစဉ်တွေကို နောက်ပိုင်းမှာ အခါအားလျော်စွာ ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်”ဟု မြန်မာအမျိုး သားလေ ကြောင်း မြိတ်ဌာနခွဲ တာဝန်ခံ ဦးအောင်မိုးဆန်း က ပြောသည်။
လေယာဉ်လက်မှတ်ဈေးနှုန်းအနေဖြင့် မြိတ်-ရန်ကုန်ခရီးစဉ်အတွက် ၆၁၀၀၀/-ကျပ်မှ ၁၀၀၁၀၀၀/-ကျပ် အထိရှိပြီး ခရီးသွားပြည်သူများအနေဖြင့် မိမိတို့သွားရောက်လိုသည့် နေ့ရက် များအတွက် လေယာဉ်လက်မှတ်များကို မြန်မာအမျိုးသားလေကြောင်း မြိတ်ဌာနခွဲရုံးနှင့် လက်မှတ်အရောင်းကိုယ်စားလှယ်များ၌ ဝယ်ယူနိုင်ပါကြောင်း၊ ခရီးသည်များ အဆင်ပြေစေရေး အတွက် ခရီးသည်သွားလာမှုများသည့်နေ့များတွင် ခရီးစဉ်တစ်ခေါက်မှနှစ်ခေါက် တိုးမြင့်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြည်သူများ လေကြောင်းခရီးသွားလာရာတွင် ခရီးသွားမည့်နေ့မတိုင်မီ(၄၈)နာရီ အတွင်း ကိုဗစ် ကင်းစင်ကြောင်း ဆေးစစ်ဆေးမှု ထောက်ခံချက် ယူဆောင်လာရမည် ဖြစ်ကြောင်း၊ ဆေးစစ်မှုထောက်ခံချက်ကို ကန်ခေါင်းရပ်ကွက် ပြည်သူ့ဆေးရုံနှင့် တပ်မတော် ဆေးရုံတွင် စစ်ဆေးရန် သတ်မှတ်ထားကြောင်း၊ မြိတ်မြို့ရှိ ခရီးသွားပြည်သူများအား ရန်ကုန်-မြိတ်-ရန်ကုန်လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း အပြင် Air KBZ နှင့် MAI လေကြောင်းလိုင်းလည်း ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ်)