မိုးကောင်း ဩဂုတ် ၂၀
မိုးကောင်းမြို့ ချောင်းရေမြင့်တက်လာမှုကြောင့် အိမ်ရေနစ်မြုပ်၍ သွားလာရခက်ခဲသော အိမ်ထောင်စုဝင်အချို့အား သက်ဆိုင်ရာ ရပ်ကွက်ရေဘေး ကယ်ဆယ်ရေးစခန်းတို့၌ ပြောင်းရွှေ့ ထားရကြောင်း သိရသည်။
နန့်ရင်းရပ်ကွက်မှ ပြောင်းရွှေ့အိမ်ထောင်စု(၁၆)စု၊ အလယ်ရပ်ကွက်မှ အိမ်ထောင်စု(၁၁)စု၊ ကျွန်းတောရပ်ကွက် ကချင်စုမှ အိမ်ထောင်စု(၁)စု၊ ကျွန်းပင်သာကျေးရွာမှ အိမ်ထောင်စု(၇)စု၊ နတ်ကြီးကုန်းမှ အိမ်ထောင်စု(၂)စု၊ အရှေ့ရပ်မှ အိမ်ထောင်စု(၁၂)စု စုစုပေါင်း အိမ်ထောင်စု(၄၉)စုကို ကယ်ဆယ်ရေး စခန်းအသီးသီးတွင် နေရာချထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းများကို မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေအမှတ် (၆၀၀)အထက် (၄၉)စင်တီမီတာ ကျော်လွန်၍ (၆၄၉)စင်တီမီတာတွင် ရောက်ရှိနေပြီး နန့်ရင်းချောင်းရေအမှတ် (၆၈၂)စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲ တိုင်းထွာချက်အရ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)