တွံတေးမြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တွံတေး နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ကျက်သရေဆောင်ရှေးဟောင်း သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေ များကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင်(၁၂၆)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲကိုရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက် လုပ်ပူဇော်ခြင်းကို ယမန်နေ နေလည်၁နာရီခွဲက အဆိုပါရင်ပြင်တော်ပေါ်ရှိ ဒေါ်ပု၊ ချစ်တီးတန်ဆောင်း၌ ကျင်းပခဲ့ ကြောင်းသိရသည်။

အခမ်းအနားဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊အဖွဲ့ဝင်( ၁)ဗိုလ်မှူး ဇာနည်မောင်ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဥက္ကဋ္ဌ ဦးမင်းလွင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မြင့်က အဖွင့် အမှာစကားပြောကြားပြီး ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်း ဥက္ကဋ္ဌဦးမင်းလွင်က မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းနှင့်ပတ်သတ်၍ရှင်းလင်းတင်ပြကာရွှေဆံတော်ဂေါပကအဖွဲ့အတွင်းရေးမှူးက အချက်မောင်းတီးကာမသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

"ဒီနှစ်မှာ ရှေးစဉ်လာမပျက်ရေးရက်လုပ်ပူဇော်သွားတာပါ။ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ခါတိုင်းနှစ်တွေလို ရွှေဆံတော်စေတီတော်ရဲ့ မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲပြိုင်ပွဲကို  ခမ်းနားစွာယခုနှစ်မှာ မကျင်းပနိုင်ပေမယ့် ဒီနှစ်မှာရှေးစဥ်လာမပျက်ပြန်လည်ပြီးရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက်လုပ် ပူဇော်သွားမှာ ဖြစ်ကြောင်း၊ တန်ဆောင်းမုန်းလဆန်း၁၄ရက် ညနေ၆နာရီခွဲက ရက်လုပ်ပြီးစီးသွားသော မသိုးသင်္ကန်းများအား စေတီ တော်အားတစ်ပတ် ပတ်၍သတ်မှတ်တန်ဆောင်းရှိဗုဒ္ဓရုပ်ပွားတော်များအားမသိုးသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြောင်းသိရသည်။

ရှေးဟောင်းသမိုင်ဝင်ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသောရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်ပြိုင်ပူဇော်ပွဲအားယခင်က ရက်ကန်းစင် (၉)စင်ဖြင့် ကျင်းပပြုလုပ်လေ့ ရှိပြီး မြို့နယ်အတွင်းရှိ ရှမ်းစုကြီး နှစ်စင်၊ညောင်တံခါးနှစ်စင်၊ ငါးခုမ်းမစမ်းတစ်စင်၊ ရွှေဆံတော်တစ်စင်၊ ကျုံးကြီးတစ်စင်၊စျေးသစ်တစ်စင်၊ ကွမ်းခြံတစ်စင်စသည့်ရှမ်းလေးရွာမှ လှပျိုဖြူအမျိုးသမီးပြိုင်ပွဲဝင် ရက်ကန်းအဖွဲ့(၉)ဖွဲ့က ပါဝင်ယှဉ်ပြိုင်ရက်လုပ်ပူဇော်လေ့ ရှိကြောင်းလည်း သိရှိရသည်။

ယခုနှစ်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင်ပါဝင်ပူဇော်သော ရက်ကန်းစင်(၆)စင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရွှေဆံတော်ဂေါပကအဖွဲ့နှင့်အလှူရှင်များက ရက်လုပ်ပူဇော်ရာ တွင်ပထမဆုရသော မဒီဒေဝီစင်တော်၊ ဒုတိယဆုရသော အမရာစင်တော်၊ တတိယဆုရသော ဂေါတမီစင်တော်နှင့်နှစ်သိမ့်ဆုရသောဝိသာခါစင်တော်၊ယသော်ဓယာစင်တော်၊သုဇာတစင်တော်တို့အားတာဝန်ရှိသူများကအသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မျိုးလှိုင် (တွံတေး)