ပိုင်ကျုံ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်း စေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက ပေါက်လောက်ကျေးရွာ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ပါ။ သို့မှာသာရောဂါ ကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်း စည်း မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစု လူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာ ခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါကဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့အတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေး ထိုးပြီး သော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါ ကာကွယ်ရေး နည်းလမ်း များကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့် အချက်များ ပါဝင်ပါသည်။
ထိုသို့လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)