ရွှေကူ သြဂုတ် ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ပြန်လည်ဦးမော့ လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ မြို့နယ်အတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များအား ငါးသားပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဖြိုးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ကာလအလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ပြန်လည်ဦးမော့ လာစေရေးအတွက် နိုင်ငံတော် အစိုးရမှ ရွှေကူမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးသားပေါက်များ ဖြန့်ဖြူးပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအလွန် ပံ့ပိုးပေးအပ်သော ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၁၅၄၀၄၀ ကောင်အား ရွှေကူမြို့နယ်အတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းရှင် ၁၉ ဦးထံ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)