လားရှိုး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၆)နာရီခွဲအချိန်က လားရှိုးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များ၏ အလှူရှင်များ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြပါသည်။
နိုင်ငံတော်ဩဝါဒါစရိယ လားရှိုးမြို့ မဟာဗောဓါရုံကျောင်းတိုက်ပဓါနဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တနာရဒထံမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်ဇနီး၊ ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်ဇနီး၊လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့်ဇနီး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်များမှ အလှူရှင်များက ငါးပါးသီလကိုခံယူဆောက်တည်ခဲ့ကြပါသည်။
ဆက်လက်၍အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကြီးနှင့်ဇနီး၊ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်ဇနီးတို့မှ ဦးဆောင်၍ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့အား ကထိန်ပဒေသာပင်များနှင့် ဝတ္တု အလှူငွေများကိုဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
လားရှိုးမြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင်ပဒေသာပင်(၃၄)ပင် ၊စုစုပေါင်း (၃၂၂၃၇၆၅၀)ကျပ် ပါဝင်လှူဒါန်းခဲ့ကြပြီး ကထိန်မရရှိသောကျောင်းတိုက်များသို့လည်း ပဒေသာပင်များကိုမဲနှိုက်ရွေးချယ်ကာ ကျောင်းတိုက်များသို့အရောက်ဆက် ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ဇမ္ဗူအေးအေတီ တပ်ဦးကျောင်းတိုက် ပဓါနနာယက ဘန္ဒန္တဥတ္တမ အရှင်သူမြတ်က ကထိန်အနုမောဒနာတရားဟောကြားချီးမြှင့်နှင့် ရေစက်ချ အနုမောဒနာ တရားချီးမြှင့်ခဲ့ပြီးနောက် “ဗုဒ္ဓသာသနံစိရံတိဋတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဟန်ဌေး