မိုင်းယောင်း နိုဝင်ဘာ ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက ဟောင်ကြန့် ကျေးရွာအုပ်စုမှ ဒေသခံပြည်သူ(၃၂)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်၍ ဝန်ထမ်းများက ဟောင်ကြန့်ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ် မရှိသူများအား မြေပြင်စိစစ်ပေးခြင်း၊ နိုင်ငံသားအမှတ်များဖြည့်သွင်းပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်မှူး ဦးဦးသွင်က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းပန်(ပြန်/ဆက်)