နမ္မတူမြို့နယ်တွင် (၃၁) ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်ပွဲ အခမ်းအနားကျင်းပ

နမ္မတူ နိုဝင်ဘာ ၁

နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စိတ်စေ တနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းကြတဲ့ ဒေသခံပြည်သူများ၊ လူမှုကူညီရေးအသင်း အဖွဲ့များ၊ NGO အဖွဲ့များစုပေါင်း၍ မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို ရှေ့ဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ မြတ်စွာဘုရားရှင်နှင့် တကွ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှိခိုးကန်တော့၍ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက ဆရာတော် သံဃာ တော်အရှင်သူမြတ်များထံသို့ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားကာ၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ တရားတော်နာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းထမင်း၊ ဆွမ်းဟင်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့သည်။

နမ္မတူမြို့နယ် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတွင် ပဒေသာပင် (၅၄) ပင်၊ ပစ္စည်း တန်းဖိုး ခုနှစ်ဆယ်ခုနှစ်သိန်းရှစ်သောင်း ခုနှစ်ထောင့်ခြောက်ရာကျပ်၊ ငွေသားတန်းဖိုး တစ်ရာတစ်ဆယ့် ခုနှစ်သိန်း ခြောက်သောင်းတစ်ထောင့်နှစ်ရာကျပ်၊ စုစုပေါင်း တစ်ရာ့ကိုးဆယ့်ငါးသိန်း လေးသောင်း ရှစ်ထောင့်ရှစ်ရာ့ ငါးဆယ်ကျပ်တန်ဖိုးရှိ လှူဘွယ်ပစ္စည်းအစုစုတို့အား မြို့နယ်အတွင်းရှိ ကထိန် မရရှိသည့် ဘုန်းတော်ကြီး ကျောင်း (၃၀) ကျောင်းသို့ အညီအမျှခွဲဝေ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)