မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာနှင့်ပတ်သက်၍ အသိပညာပေး

မိုးကောင်း     နိုဝင်ဘာ     ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ ခွေးရူးရောဂါအကြောင်း သိကောင်းစရာ နှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန(မိုးကောင်း)ခန်းမ၌ နိုဝင်ဘာ ၁၇ ရက်နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး Talk Show တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇော်မြင့်နိုင်က ခွေးရူးရောဂါသည် Rabies Virus ပိုးပါသောခွေးမှ တစ်စုံတစ်ယောက်အား ကိုက်မိ ခြင်းသော်လည်းကောင်း၊ ကုတ်မိခြင်းသော်လည်းကောင်း လူတို့၏ပွန်းပဲ့ဒဏ်ရာမှ တစ်ဆင့် Rabies Virus ပိုးဝင်ရောက်ခြင်းကြောင့်  ဖြစ်ပေါ်ပြီး ဦးနှောက်၏ အာရုံကြောဆဲလ်များအား ပျက်ဆီးကာ ပုံမှန်လက္ခဏာထက် သွေဖယ်ပြီး ရိုင်းဆိုင်းခြင်း၊ အမြင်အာရုံ သဲသဲကွဲကွဲမမြင်ရခြင်း၊ အာရုံကြော အားနည်းခြင်းတို့ကြောင့် သွားရည်တမျှားမျှားဖြင့် မေးရိုးမနိုင်သောရောဂါလက္ခဏာ ပေါ်နေတတ် ကြောင်းနှင့် ခွေးအသက် ၃ လပြည့်လျှင် ရောဂါကာကွယ်ဆေး ထိုးပေးထားရန် လိုအပ်ကြောင်း၊ တစ်နှစ်တစ်ကြိမ် ထိုးပေးရန်လိုအပ်ကြောင်း၊ ခွေးကိုက်ခံရလျှင် ဒဏ်ရာကို ရေအေးဖြင့် လောင်းချသည့်ပုံစံဖြင့် ဆေးကြောသန့်စင်၍ ပိုးသတ်ဆေးလိမ်းပြီး အဝတ်သန့်သန့်ဖြင့် သွေး တိတ်အောင် ဆောင်ရွက်ပြီး မေးခိုင်ကာကွယ်ဆေးထိုးသင့်လျှင်လည်း ထိုးရမည်ဖြစ်ကြောင်း၊ ခွေးရူး ပြန်ကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်းနှင့် ခွေးကို စောင့်ကြည့်ဖို့လိုအပ်ကြောင်း  ဆွေးနွေး ပြောကြားခဲ့သည်။မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြည်သူ များအား အသိပညာဗဟုသုတရစေမည့် အစီအစဉ်များကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ Talk Show တင်ဆက်မှုများထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)