နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး လိုက်လံ ဆော်သြခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများပြသခြင်း ဆက်လက် ဆောင်ရွက် လျက်ရှိ

နမ့်ခမ်း နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံများ၊ လူစည်ကားသည့် လမ်းများနှင့် မြို့မစျေးတို့ တွင် ယမန်နေ့နံနက်  ၉ နာရီ အချိန်က  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါနှင့် သက်ဆိုင်သည့် အသိပညာပေး လိုက်လံဆော်သြခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်နှံပြသခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် အသိပညာပေး ဆော်သြပေးရာတွင် ပြည်သူပြည်သားများ မလိုအပ်ဘဲ အပြင်သို့ သွားလာခြင်း ရှောင်ကြဉ်ကြရန်၊ လိုအပ်၍ အပြင်သို့ သွားပါက နှာခေါင်းစည်းနှင့် မျက်နှာအကာများ စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ဈေးရောင်းခြင်း  ဈေးဝယ်ခြင်း  ပြုလုပ်သည့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးမှသာ ဈေးရောင်းခြင်း ဈေးဝယ်ခြင်း ပြုလုပ်ကြရန်နှင့် လူစုလူဝေးများ မပြုလုပ်ကြရန်စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များကို  ပြည်သူများမှ ပိုမိုသိရှိနိုင်စေရန် လိုက်လံ ဆော်သြခြင်းများ ဆောင်ရွက်သည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး ဗီနိုင်းပိုစတာ ကပ်နှံပြသရာ၌ ပြည်သူများအား ပိုမိုအကျိုးပြုနိုင်စေရန်အတွက် လူစည်ကားသည့် နေရာများ၊ လမ်းဆုံနေရာများနှင့် ပြည်သူများ ကြည့်ရှု၊ ဖတ်ရှုရန် သင့်တော်သော နေရာများတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်နှံ၍ ပြသပေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းနှင့် လူမှုကူညီရေး အသင်းများ ပူးပေါင်း၍ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို နေ့စဉ်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)