သီပေါ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ “ စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ဆွေးနွေးရာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများစွာရှိသည့်အထဲမှ အဓိကကျသော အကြောင်းအရာများ ဖြစ်သည့် စိတ်ဓာတ်ကိုလှုံ့ဆော်ပေးခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ် မြင့်မားလာခြင်း စသည့် အကြောင်းအရာများကို လည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းသိင်္ဂီစိုးက အတွေးအခေါ် အားကောင်းစေခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း၊ စာပေ အရေးအသားကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်းစသည့် အကြောင်းအရာများကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းမာအေးက ဗဟုသုတ အတွေ့အကြုံရရှိစေခြင်း၊ တီထွင်ကြံဆမှု အားကောင်းစေခြင်း၊ စိတ်ဓာတ် နူးညံ့သိမ်မွေ့စေခြင်း စသည့် အကြောင်းအရာများကို လည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော Facebook Page တွင် လွှင့်တင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ ပြန်/ဆက်)