သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံများ

သီပေါ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ဆေးထိုးစုရပ်နေရာ ဖြစ်သည့် မြို့တော် ခန်းမတွင် စတုတ္ထအသုတ် ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးရာသို့ လာရောက် ထိုးနှံသူ တစ်ဦး ၏ ရင်တွင်းစကားသံများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်-

ကျွန်မအမည်က နန်းထွေးထွေးလင်းဖြစ်ပါတယ်။ အသက်က(၂၀)နှစ်ပါ။ တုံစင့်ကျေးရွာမှာ မိဘတွေနဲ့ အတူ နေထိုင်ပြီး စိုက်ပျိုးရေးကိုလုပ်ကိုင်သူဖြစ်ပါတယ်။ ကျွန်မ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးပါဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ သူများတွေပြောတဲ့ မမှန်ကန်တဲ့ စကားတွေကြောင့်ရယ်Facebookမှာတွေ့ထားတဲ့ သတင်းအမှားတွေရယ်ကြောင့် ထိုးရမှာ ကြောက်နေ လို့ပါ။ အဲ့ဒီဆေးကိုထိုးရင် သေတယ်လို့ပြောကြလို့ပါရှင့်။ အခုတော့မကြောက်တော့ ပါဘူး။ မြို့ပေါ်က ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတွေက ရွာကို ရက်ခြားဆိုသလို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဖို့နဲ့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးတာတွေကို လာပြီး နှိုးဆော် တာကြားနေရလို့ပါ။ ပြီးတော့ သမီးကအဲ့ဝန်ထမ်းအစ်မတွေကိုကိုယ်တိုင်လည်း သွားမေးတယ် လေ။ သူတို့ကစိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်။ အဲ့ဒါကြောင့် သမီးအခု အရင်လာ ထိုးတာ။ ပြီးရင်အဖေနဲ့အမေကိုပါ ထိုးနှံဖို့တိုက်တွန်းပြီးအမြန်ထိုးနှံစေမှာပါရှင့်။ တစ်နေ့ထက်တစ်နေ့ သီပေါမြို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် အသက်သေဆုံးတာတွေ ကြားသိနေရတော့ သမီးစိုးရိမ်ထိတ် လန့် မိပါတယ်ရှင်။ ကာကွယ်ဆေးထိုးထားရင် ရောဂါဖြစ်တောင်မှ အသက်အန္တရာယ် မစိုးရိမ်ရဘူး ဆိုတော့သမီး ဒီဆေးကို ထိုးမှဖြစ်မယ်လို့တွေးပြီး လာရောက်ထိုးနှံတာပါရှင်။ ဆေးထိုးပေးတဲ့ ကျန်းမာရေးဝန်ထမ်း တွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ သမီးလို အတွေးခေါင်ပြီး ကာကွယ်ဆေး ဘယ်တော့မှ မထိုးဘူးလို့ ခံယူထားတဲ့ သူများကိုလည်း သမီးက ပြောချင်ပါတယ်။ အတွေးတွေ ခေါင်မနေပဲ  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးကြပါလို့ တိုက်တွန်းလိုက်ပါ တယ်ရှင့်။

ခင်လေး(သီပေါ၊ပြန်/ဆက်)