သီပေါ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် ပန်းတိမ်မြောက်ရပ်ကွက်အတွင်းရှိ စားသောက်ကုန် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ ကုန်အညွှန်း အမှတ်အသားပါဝင်မှု ရှိ/မရှိနှင့် ဈေးနှုန်းများ ပုံမှန်ထက် အဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်မာရီက အဆိုပါ အရောင်းဆိုင် ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ညွှန်ကြား ထားသော ကုန်အညွှန်း အမှတ်အသားများ ဖော်ပြပါရှိသော ကုန်ပစ္စည်းများသာ ဖြန့်ဖြူး ရောင်းချစေရေး၊ ကုန်ပစ္စည်း အမျိုးအစားအလိုက် သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများ သိရှိနိုင်စေရေး အသိပညာပေး ရှင်းလင်းခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရေး လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)