နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဧကာဒသမအကြိမ် မဟာကထိန် အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၇

နေပြည်တော်ကောင်စီနှင့်ဌာနဆိုင်ရာမိသားစုများ၏ ဧကာဒသမအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ  ကြွရောက်ချီးမြှင့် တော်မူကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည်ညိုကြသည်။ ရှေးဦးစွာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ခန်းမအတွင်းရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး  ဆွမ်း၊  သစ်သီး၊  ပန်း၊  ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ခန်းမအတွင်း လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ် ကျောင်း တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အမှူးပြု သော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူ မြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆွမ်းဘောဇဉ်များကို လည်းကောင်း၊  ကထိန်အလှူခံကျောင်းဖြစ်သည့် ဝင်တဲကူကျောင်းတိုက်ဆရာတော်ထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆွမ်းဘောဇဉ်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဆရာတော်သံဃာတော်အရှင်သူ မြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆွမ်းဘောဇဉ်များကို အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ဧည့်ပရိသတ် များက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်  ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာမိသားစုများ၏ ဧကာဒသမအကြိမ် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင် (၃၇) ခု စုစုပေါင်းတန်ဖိုးငွေကျပ် (၂၂,၅၉၄,၀၃၀) ဖြစ်ကြောင်းသိရသည်။    

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)