တနင်္သာရီမြို့တွင် အကြိမ်(၃၀)မြောက်၊ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာကျင်းပ

တနင်္သာရီ နိုဝင်ဘာလ ၁၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင်မှုဖြင့် မြို့ နယ်အတွင်း  ဌာနဆိုင်ရာများ နှင့်အလှူရှင်များပူးပေါင်း၍ အကြိမ်(၃၀) မြောက်၊ ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သဘာဝဘိုးဘွား ရိပ်သာကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ရှေးဦးစွာမြို့နယ် အုပ်ချုပ်ရေးမှူး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက သဘာဝဘိုးဘွားရိပ်သာဦးစီး ပဓာနဆရာတော် ဘဒ္ဒန္တသုဒ္ဒရ  ထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဆရာတော်ဘုရားထံ ကထိန်လျာမြတ် သင်္ဃန်းကိုဆက်ကပ် လှူဒါန်းပေးခဲ့သည်။

ယင်းနောက် ဆရာတော်ဘဒ္ဒန္တသုဒ္ဒရထံမ မဟာဘုံကထိန်လှူဒါန်းရခြင်း တရားတော်ကို နာကြားကြကာ ဆရာတော် ဘုရားနှင့်တကွ သံဃာတော်အပါး (၂၀) တို့အား လှူဘွယ်ပစ္စည်းများနှင့် ပဒေသာပင်များကို မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ် အပေါင်းတို့အား နေ့လယ်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း၊ ယနေ့ မဟာဘုံကထိန်၏ အလှူငွေစုစုပေါင်းမှာ (၃၄) သိန်းကျော်ဖြစ်ကြောင်း ဘုံကထိန်ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း