ကလိန်အောင် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို နိုဝင်ဘာ(၁၆)ရက် နံနက်(၉)နာရီအချိန်တွင် အ-ထ-က ၊ ကလိန်အောင် ကျောင်းခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ က (ဒုတိယနေ့) အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း စုရပ်၌ အသက်(၁၂) နှစ်ပြည့်ပြီးသော အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆၈) ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၈)ဦး၊ စုစုပေါင်း(၁၉၆)ဦးတို့အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များကူညီဆောင်ရွက် ပေးလျက် ရှိကြောင်းသိရသည်။
မိုးမိုးခိုင်