ထားဝယ် နိုဝင်ဘာ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ထားဝယ်ပညာရေး ဒီဂရီကောလိပ်ရှိဆရာ/ဆရာမများနှင့်တွေ့ဆုံပွဲကိုယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ် ပညာရေးဒီဂရီကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က တက်ရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်ဆိုသည့်မှာ ခေတ်အဆက်ဆက်က နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)နှင့် အိမ် ထောင်စု လူဦးရေစာရင်းမရှိသူကို သက်ဆိုင်ရာ မြို့နယ်လဝကရုံးတွင် ဆောင်ရွက်ပေးနေကြောင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေအရ မိမိအတွက် သက်သေပြရန် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိကိုင်ထားစေလိုကြောင်း၊ ဆရာ/ဆရာမများ အပါအဝင် ပြည်သူများအားလုံးကိုဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်း တို့ကိုရရှိကိုင်ထားစေလိုကြောင်း၊ မကြာခင်ကာလအတွင်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြုလုပ်မှာ ဖြစ်သည့်အတွက် မှတ်ပုံတင်ကတ်ပြားရှိနေမှသာလျှင် ဆန္ဒမဲပေးရမှာဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင် ပြုလုပ်ထားစေလိုကြောင်း၊ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ခရိုင်/မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီးလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်ခရိုင် ဦးစီးမှူး ဒေါ်သီတာအောင်နှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများ အကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်း များကို ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်ပေးဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)