မြိတ် နိုဝင်ဘာ ၁၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၂၀၂၁-၂၂)ကာလတို ဘဏ္ဍာရေး နှစ်ရန်ပုံငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ(၂)ရွာတွင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်း၍ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများ မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာကော်မတီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ငန်းအနေဖြင့် ယခုနှစ်မှာ ကျေးရွာ(၄)ရွာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျေးရွာကော်မတီမှ ဦးဆောင်ပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက် ကော်မတီကို သင်တန်း တွေပေးပါ့မယ်။ ကော်မတီ ဘဏ်အကောင့်ဖွင့်ပေးပြီး ကော်မတီမှ ဦးဆောင်၍ ကျေးရွာ လူထုက ဆောင်ရွက်မှာဖြစ်ပါတယ်။ လိုအပ်တဲ့ နည်းပညာတွေ သင်တန်းတွေကို ဌာနမှပေးမှာ ဖြစ်ပါတယ်။ ကော်မတီက ကျေးရွာမှာ စည်းရုံးမှုကောင်းရင် ကောင်းသလို လုပ်ငန်းတွေ ပိုမို အောင်မြင်မှာဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် အင်္ဂမော်ကျေးရွာအုပ်စု ရင်းတောင်ကျေးရွာနှင့် မြိတ်တောင်ကျေးရွာအုပ်စု တောထွင်ကြီးကျေးရွာတို့တွင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ရှင်းလင်းပြောကြားပြီး ကျေးရွာ ကော်မတီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့၍ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် များကို ဆွေးနွေး ဖော်ထုတ်ကာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးပြီး ကျေးရွာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအကြောင်းဆွေးနွေးခဲ့ကြသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ တစ်ရွာကို သိန်း(၁၀၀)ကျပ် ထောက်ပံ့ပေးပြီး ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ငန်း စီမံကိန်း ဖြစ်ကြောင်း၊ အဆိုပါကျေးရွာ(၂)ရွာတွင် ရန်ပုံငွေကျပ်သိန်း(၁၀၀)စီဖြင့် ဦးစားပေးအစီအစဉ်အဖြစ် ကျေးရွာရေရရှိ ရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလအတွင်း ကျေးရွာ ကော်မတီအား သင်တန်းပေးခြင်း၊ ဘဏ် အကောင့်ဖွင့်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ဒီဇင်ဘာလပထမအပတ်တွင် ကျေးရွာ လူထုမှ လုပ်ငန်းစတင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်
ခိုင်ထူး ( မြိတ်)