မိတ္ထီလာ နိုဝင်ဘာ ၁၆
မိတ္ထီလာမြို့နယ် ရေချိုကျေးရွာနှင့် လှည်းပွဲကျေးရွာများတွင် အထူးဇုံ စိုက်ပျိုးထားသော စိုက်ဧက ၁၀၀ မှ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) များ အထွက်နှုန်းကောင်းမွန်၍ စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာ လုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ စီးပွားရေး တွက်ချေကိုက်၍ ဒေသနှင့် အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်း မရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးရေး ဦးစီးဌာနမှ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံဧက ၁၀၀ ကို ရေချိုကျေးရွာနှင့် လှည်းပွဲ ကျေးရွာတို့တွင် စိုက်ပျိုးပြီး ၎င်းအထူးဇုံ စိုက်ဧက ၁၀၀တွင် စိုက်ပျိုးသည့် ဒေသခံတောင်သူများအား မျိုးဝါ စေ့နှင့် လူးနည်ဆေး များကို အခမဲ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံဧက ၁၀၀ စိုက်ပျိုးထာသည့် ရေချိုကျေးရွာနှင့် လှည်းပွဲ ကျေးရွာများမှ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံစိုက် တောင်သူများမှာ တစ်ဧက ဝါပိဿာ ၄၀၀ ကျော်ထွက်ရှိသည့်အပြင် စျေးနှုန်းမှာလည်း တစ်ပိဿာ ငွေကျပ် ၁၂၀၀မှ ၁၄၀၀ အထိ ရောင်းချရ သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း ချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀) စိုက်ပျိုးသည့် တောင်သူတစ်ဦး ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)