ကျောက်ဆည် နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိပြီး ကျားကာကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း နှင့် ကျောက်ဆည်မြို့နယ်မှတောင်သူများအနေဖြင့် ကြက်သွန်နီများကို အောက်တိုဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုး ကြကြောင်း သိရှိရသည်။
ကြက်သွန်နီ တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည် အသုံးပြုရကြောင်း ကုန်ကျစရိတ်အနေဖြင့် မျိုးဘိုး(၃၆၀၀၀)ကျပ်၊ မြေပြင်ခအဖြစ် ထွန်၊ထယ်စရိတ်(၁၅၀၀၀၀)ကျပ်၊ စိုက်ပျိုးစရိတ်(၁၃၀၀၀၀) ကျပ်၊ မြေဆီမြေဩဇာ(၃၅၅၀၀၀)ကျပ်၊ ဖျန်းဆေး(၁၂၀၀၀၀)ကျပ်၊ ကြက်သွန်တူးဖောင်ခ(၁၃၀၀၀၀) ကျပ် ခန့်မှန်း ကုန်ကျကြောင်းနှင့် ကြက်သွန်နီစိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိ၍ မြေအငှားဖြင့် စိုက်ပျိုးပါက ငွေကျပ်(၁၃၀၀၀၀၀)မှ (၁၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ကြက်သွန်နီစိုက်ပျိုး တောင်သူ ဦးဇင်သူပြောပြ၍ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင်တိုက်နယ်(၁၂)ခုရှိရာ တိုက်နယ်(၁)တွင်(၄၃၃)ဧက၊တိုက်နယ်(၂)တွင်(၁၀၈၂) ဧက၊ တိုက်နယ်(၆)တွင်(၂၄၅)ဧက၊ တိုက်နယ်(၁၀)တွင်(၁၃၉)ဧက၊ တိုက်နယ်(၁၁)တွင်(၇၂)ဧက၊ တိုက်နယ် (၁၂)တွင်(၁၅၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးဦးစီး ဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)