ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

ဒက္ခိဏသီရိ နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက် ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအရောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ် နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ် နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင် ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင် ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာ များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင် လေထွက်ကောင်းအောင်ပြုလုပ်ထားကြရန်၊ အပြင်မှပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရ သည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်စသည့် အချက်များအား လိုက်လံအသိ ပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။     

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)