နောင်ချို နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မဲပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးဌာနရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ နောင်ချိုမြို့နယ် လဝကဦးစီးမှူး၊ ဦးစီးအရာရှိ ဦးအောင်မြင့်ဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်လဲလှယ် ထုတ်ပေးခြင်း၊ ပျက်စီး၊ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံး စာရင်း ဆောင်ရွက်ပေးခြင်း ပြောင်းဝင်၊ ပြောင်းထွက်၊ တိုး/လျှော့ လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ကျား (၄၅) ဦး၊ မ (၆၇) ဦး စုစုပေါင်း (၁၁၂) ဦးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက် ရှိရာ မိမိတို့ မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေးစာရင်း မရှိသူများ နှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)