ကျောက်တန်း နိုဝင်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ဦးစားပေးအုပ်စု အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံခြင်းကို ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ/ ရပ်ကွက်ဓမ္မာရုံ တို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်းဖြစ်ပြီး လာရောက်ထိုးနှံသူများကို ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ရောဂါ အခံ ရှိ/မရှိ မေးမြန်းခြင်းတို့ ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းနဲ့ပတ်သက်ပြီး “ကျွန်မတို့အနေနဲ့ ရပ်ကျေးတွေမှာ ကွင်းဆင်းပြီး ရပ်ကွက်ဓမ္မာရုံနဲ့ တခြားကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ နေရာတွေမှာ စုရပ်အဖြစ် ဆောင်ရွက်ပြီး ထိုးနှံပေးခြင်း ဖြစ်ပါတယ်၊ ဆေးထိုးတဲ့အချိန်မှာလည်း လူစုလူဝေးမဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ရပ်ကွက်မှာစုရပ် နေရာခွဲပြီး ထိုးနှံပေးတာဖြစ်ပါတယ်၊ကျေးရွာတချို့ မှာဆိုရင် ၁၈ နှစ်အထက် လူဦးရေရဲ့ ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ပါတယ်၊ မထိုးနှံရသေးတဲ့သူတွေ အနေနဲ့လည်း အလှည့်ကျရောက်ပကထိုးနှံနိုင်ရန် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ စာရင်းပေးသွင်း နိုင်ပါတယ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၇၉၂၂၄ ဦး ဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ၂ ကြိမ်လုံး ထိုးနှံပြီးစီးသူ ၄၉၈၂၂ ဦးထိုးနှံပြီးစီးပြီ ဖြစ်ပါတယ်၊ ကျန်ရှိနေသေးတဲ့သူတွေကိုလည်း ညွှန်ကြား ချက်နဲ့အညီ ဆက်လက်ထိုးနှံပေး သွားမှာဖြစ်ပါတယ်” ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုရတနာလှဌေး၏ ပြောပြချက် အရ သိရှိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကုသထိန်းချုပ်ရေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် မြို့နယ်ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်