မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ကိုဗစ်-၁၉ ရောဂါကာလ ဖြစ်နေ၍ အစည်းအဝေးများ မပြုလုပ် နိုင်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပိုးတွေ့မှုနှုန်းများ ကျဆင်းလာသဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၅) ရက်တစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းများအား မြို့နယ်ချုပ် ပြုလုပ်ရမည်ဖြစ်၍ ဌာနဆိုင်ရာများမှ အချိန်မီပြုစုပေးပို့ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြသွားကြရန် လိုအပ်ကြောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြရန် လိုအပ်ကြောင်း၊ မိမိရုံးဌာနနှင့် ဝန်ထမ်းများ လုံခြုံရေး သတိပြုကြရန် လိုကြောင်းနှင့် ကျွဲ၊ နွားများ  မွေးမြူမှုအပေါ် စနစ်တကျ ထိန်းကျောင်း မွေးမြူကြရေး သက်ဆိုင်ရာဌာနများမှ စီမံ ခန့်ခွဲပေးကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက  ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ ဌာနဆိုင်ရာ ရုံးများ၊  မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်/ ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရုပြုရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနအလိုက် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလို သည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)