တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ ရပ်ကွက်များသို့ အခမဲ့ကွင်းဆင်းစစ်ဆေး

တုံတာ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ အခမဲ့ကွင်းစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ကာ RDT Test Kit ဖြင့် တာဝန်ရှိသူများက တုံတာမြို့ပေါ်ရပ်ကွက်(၂)တွင် သက်ဆိုင်ရာ စုရပ်(၂)နေရာခွဲ၍ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တုံတာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းနှင့် မြို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက တုံတာမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူး စက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အတွင်း နေထိုင်ကြသော ဒေသခံပြည်သူ(၁၅၀) ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ အခမဲ့စစ် ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ (၃၁) ဦးစစ်ဆေးတွေ့ရှိသူများကို တာဝန်ရှိသူများက တုံတာမြို့၊ ပြည်သူ့ဆေးရုံရှိ အတည်ပြုလူနာ ကုသဆောင်သို့ စနစ်တကျ ပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ အခမဲ့ ကွင်းဆင်းခြင်းလုပ်ငန်းကို ကျန်ရှိနေသော သက်ဆိုင်ရာရက်ကွက် စုရပ်နေရာ များတွင် နံနက် ၉ နာရီအချိန်မှစတင်ကာ ဆက်လက် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေ သောသူများအားလည်း ကာကွယ်ဆေး တစ်ပါတည်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း