ရမည်းသင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက် များအား ကျေးလက်ပြည်သူ များလိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးအသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က ဝါးတောကျေးရွာ အတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။
ထိုသို့လှည့်လည် အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ အရာ ဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြော ကြရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာခြင်းမှ ရှောင်ကြရန်၊ သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့်ထိုးနှံကြ ရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်တို့ကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကန်ဆွယ်အုပ်စု ဝါးတော ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကျေးလက်နေပြည်သူများအတွင်း ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်လှည့်လည်အသိပေးနှိုးဆော် ခဲ့ကြောင်းသိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)