လင်းခေး နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၏ (၄၄) ကြိမ်မြောက် စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့လယ်မဟာမြတ်မုနိဘုရား ကျောင်းတော် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များအား ပူဇော်ကန်တော့၍ ငါးပါးသီလ ခံယူခဲ့ကြပြီး လင်းခေးမြို့ အခြေချ စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး သန့်ထင်စိုး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာအလှူရှင် အသီးသီးတို့က ဆရာတော်သံဃာတော်တို့ထံ “ကထိန်လျာညှပ်သင်္ကန်း” ဆက်ကပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်သာသနာရေးဆိုင်ရာများနှင့် ပတ်သက်၍ လျှောက် ထားတင်ပြခဲ့သည်။ ယင်းနောက် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အလိုက် ဆရာတော်များထံ အရံသင်္ကန်းနှင့် “ကုသိုလ်ရှင်ပါရမီဝင်” အလှူငွေများလှူဒါန်းခြင်း၊ စစ်ဗျူဟာမှူး၏ဇနီးနှင့် တပ်နယ်မိသားစု ဝင်များက ကျောင်း ၅ ကျောင်းအတွက် ဆွမ်းဆန်တော်၊ စားဆီ၊ ကုလားပဲ၊ နွားနို့နှင့် ကြက်ဥများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး၊ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်ချီးမြှင့်ပူဇော် ရွတ်ဖတ်ပေးခဲ့ကြသည်။
ယင်းနောက် အားလုံးတူတကွ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး နောက် ရတနာသုံးပါး ပြန်လည်ကန်တော့ကြခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ပင့်ကျောင်းအသီးသီးမှ ဆရာတော်သံဃာတော်များ၊ စစ်ဗျူဟာမှူးနှင့် တပ်နယ်တပ်ရင်းအသီးသီးမှ မိသားစုဝင်များ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ် ဂေါပကဥက္ကဋ္ဌ ဦးစိုင်းသန်းကျော်နှင့် အဖွဲ့ဝင်များနှင့် စေတနာအလှူဒါနရှင်များ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)