နောင်မွန်းမြို့၌ တောင်သူမှတောင်သူသို့နည်းပညာမျှဝေခြင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့‌ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

နောင်မွန်း     နိုဝင်ဘာလ   ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဒေသခံပြည်သူများ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များ ဖူလုံမှုရရှိစေရေးနှင့် (GAP) စိုက်ပျိုးနည်းစနစ် ပညာများ သိရှိလာစေရန် အတွက် ရည်ရွယ်၍ တောင်သူမှ တောင်သူသို့ နည်းပညာမျှဝေခြင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က နောင်မွန်းမြို့နယ် စိုက်ပျိုးရေး ကဏ္ဍအခြေအနေနှင့် စားဖိုဆောင်သုံး သီးနှံများ ဖူလုံမှုရရှိရန်အတွက် စနစ်တကျ စိုက်ပျိုးကြပါရန် တိုက်တွန်းအမှာစကား ပြောကြားပြီး ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး တာဝန်ခံဦးစီးအရာရှိ ဦးအောင်မိုးက မြေဆီလွှာနှင့် သက်ဆိုင်‌သော မြေချဉ် မြေငံဓါတ်တိုင်းတာခြင်းနှင့် သဘာဝမြေဆွေး ပြုလုပ်သုံးစွဲပုံအကြောင်းကိုလည်းကောင်း၊ ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံပိုမွှား‌ရောဂါကာကွယ်ရေးတာဝန်ခံဦးကျော်လွင်က ရောဂါနှင့် ပိုးအလွယ်တကူ ခွဲခြားသိရှိနိုင်ရန်နှင့် ကာကွယ်နှိမ်နှင်းရေး နည်းစနစ်များ အကြောင်းကိုလည်းကောင်း၊ နောင်မွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစကျော်သက်ထွေးက GAP စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ ဓါတ်‌မြေသြဇာ အချိန်ကိုက် အချိုးကျသုံးစွဲနိုင်‌ရေးတို့ကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည့်အချက်များကိုတင်ပြဆွေးနွေးခဲ့ကြပြီ ထိုသို့ဆွေးနွေးမှုအပေါ် သက်ဆိုင်ကဏ္ဍအလိုက်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ရှင်းလင်းခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူ(၇၀)ဦးတို့အတွက် စားဖိုဆောင်သုံး ဟင်းသီး ဟင်းရွက်များဖြစ်သည့် ပဲတောင့်ရှည်၊ မုန်လာဥဖြူ၊ မုန်ညှင်းစိမ်း၊ ငရုပ်သီး၊ ချဉ်ပေါင်၊ ရုံးပတီသီး၊ ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ စမိတ်၊ နံနံပင်၊ ဆလပ်စိမ်းနှင့် ဗူးသီးရှည်မျိုးစေ့များကို တောင်သူတစ်ဦးချင်းစီအလိုက် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။