စုကလိမြို့ဒေသတွင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ယိုးဒယား သင်္ဘောသီးမျိုးများ ဖြစ်ထွန်းအောင်မြင်

စုကလိ မတ် ၁၁

ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ဒေသတွင်း စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ယိုးဒယား သင်္ဘောသီးမျိုးများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး လစဉ်ပုံမှန် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်္ဘောခြံ စိုက်ပျိုးခြင်း လုပ်ငန်းတွင် ဒေသခံပြည်သူ အလုပ်သမား(၁၂)ဦးတို့မှ ဝင်ရောက်လုပ်ကိုင် လျက်ရှိပြီး ပေါင်းသတ်ဆေးဖြန်းခြင်း၊ အသီးထွက်နှုန်း ကောင်းမွန်လာကာ ပိုးမွှားမကျရောက်အောင် ပိုက်အိတ် စွပ်ခြင်း များ ဆောင်ရွက်လျက်ရှိသည်။ ဈေးကွက်အနေဖြင့် တစ်ကီလိုကို ထိုင်းဘတ်ငွေ (၆၅)ဘတ်ရရှိကာ အပတ်စဉ် နှစ်ကြိမ် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပြီး ပုံမှန်ရရှိသော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း သင်္ဘောခြံ အလုပ် သမား ခေါင်းဆောင် ဦးရဲမင်းအောင်ထံမှ သိရသည်။

အဆိုပါ သင်္ဘောခြံသည် စုကလိမြို့ အဝင်လမ်းမပေါ်ရှိ (၄)ဧက မြေအကျယ်အဝန်းတွင် သင်္ဘောသီးမျိုး အပင်(၃)သောင်းကျော် စိုက်ပျိုးထားရှိပြီး လစဉ်ပုံမှန်ဝင်ငွေတိုးတက်ရရှိလျက်ရှိကြောင်း သိရသည်။

ပိုပိုအောင် (ပြန်/ဆက်)